Monday, December 17, 2018
လက်ထပ်ပြီးစ အမျိုးသမီးတို့ မသုံးသင့်တဲ့ သားဆက်ခြားနည်း
အခုမှ လက်ထပ်မယ့် အမျိုးသမီးတွေ၊ အိမ်ထောင်ကျခါစ အမျိုးသမီးတွေ အတွက်ကတော့ သားအိမ်ထဲကို ပစ္စည်းထည့်ရတာ ခက်ခဲတာကြောင့် IUDကို မရွေးသင့်ပါဘူး
သတို့သမီးလောင်းလေးတို့ရေ လက်ထပ်ပြီးပြီးချင်း ကလေးမယူသေးဘူးလို့ စဉ်းစားထားရင် မင်္ဂလာပွဲ မကျင်းပခင် ကတတည်းက ကိုယ်နဲ့ သင့်တော်တဲ့ သားဆက်ခြားနည်း တစ်မျိုးမျိုးကို ရွေးချယ်ပြီး သုံးထားဖို့ လိုပါတယ်။ သန္ဓေတားတဲ့ နည်းလမ်းတွေကတော့ လေး၊ငါးမျိုးထက် မနည်းရှိတဲ့အတွက် ကိုယ့်အတွက် အသင့်တော်ဆုံး၊ အဆင်အပြေဆုံး ဖြစ်မယ့် နည်းလမ်းကိုပဲ ရွေးချယ်ဖို့ လိုအပ်ပါတယ်။
နည်းလမ်းတွေက တစ်ခုနဲ့ တစ်ခု မတူကြသလို အမျိုးသမီးလေးတွေကလည်း တစ်ဦးနဲ့ တစ်ဦး ကျန်းမာရေး အခြေခံနဲ့ အကျင့်စရိုက် အနေအထိုင်တွေ မတူကြတဲ့အတွက် သုံးသင့်တဲ့ သန္ဓေတားနည်းတွေလည်း မတူကြပါဘူး။ ဒါပေမယ့် အခုမှ လက်ထပ်ပြီးခါစ သတို့သမီးလေးတွေ အနေနဲ့ မရွေးချယ်သင့်တဲ့ သန္ဓေတားနည်းတွေတော့ ရှိနေပါတယ်။
အရေးပေါ် တားဆေး သောက်ခြင်း
အရေးပေါ် သန္ဓေတားဆေးကတော့ တားဆေးမသုံးထား၊ အကာအကွယ် မသုံးထားဘဲ လိင်ဆက်ဆံ မိသွားတဲ့အခါ ကိုယ်ဝန်မရနိုင်စေဖို့ သောက်ရတဲ့ ဆေး ဖြစ်ပါအတယ်။ အရေးပေါ် အခြေအနေတွေမှာ သုံးရတဲ့ ဆေး အမျိုးအစား ဖြစ်လို့ ရံဖန်ရံခါ အခန့်မသင့်တဲ့ အခြေအနေမျိုးတွေ မှာပဲ သုံးသင့်တာပါ။ ရေရှည် သန္ဓေတားဖို့ အတွက် စွဲမြဲ သုံးသင့်တဲ့ ဆေးမျိုး မဟုတ်တာကြောင့် သတို့သမီးလောင်းလေးတို့က မရွေးချယ်သင့်ပါဘူး။
သားအိမ်ထဲ အကာအကွယ် ပစ္စည်းထည့်ခြင်း
IUD လို့ ခေါ်တဲ့ နည်းလမ်းလေးပါ။ သားအိမ်ထဲကို အကာအကွယ် ပစ္စည်းထည့်ပြီး သန္ဓေတားတာ ဖြစ်ပါတယ်။ IUD က ဟော်မုန်း မပါတဲ့ အတွက် သန္ဓေတားဆေး ထိုးတာ၊ နေ့စဉ်သောက် ဆေးသောက်တာတွေလို ဘေးထွက် ဆိုးကျိုး မရှိဘဲ အချိန်ကြာကြာလည်း ခံတာကြောင့် အမျိုးသမီး အများစု စိတ်ဝင်စားကြတဲ့ နည်းလမ်းပါ။ ဒါပေမယ့် အခုမှ လက်ထပ်မယ့် အမျိုးသမီးတွေ၊ အိမ်ထောင်ကျခါစ အမျိုးသမီးတွေ အတွက်ကတော့ သားအိမ်ထဲကို ပစ္စည်းထည့်ရတာ ခက်ခဲတာကြောင့် ဒီနည်းလမ်းကို မရွေးချယ်သင့်တာပါ။ ဒါပေမယ့် လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက် များသွားပြီ ဆိုရင်တော့ IUD ကို လွယ်လွယ်ကူကူနဲ့ အဆင်ပြေပြေ ထည့်လို့ရပါပြီ။
