Friday, January 4, 2019
လင်မယားနှစ်ယောက် အပေးအယူတည့်တဲ့ အိမ်ထောင်ရေးလေးဖြစ်အောင်
ဒီလိုတွေ အမြဲတွေးထားမယ်ဆိုရင်တော့ အိမ်ထောင်ရေးမှာ အဖုအထစ်တွေ ရှိမှာ မဟုတ်ပါဘူးနော်
အိမ်ထောင်ရေးမှာ လင်မယားနှစ်ယောက် အပေးအယူတည့်ဖို့ဆိုတာ လွယ်မလိုနဲ့ ခက်ပါတယ်။ စိတ်သဘောထားတိုက်ဆိုင်ဖို့ဆိုတာ လွယ်မှ မလွယ်ပဲလေနော်။ ဒါပေမယ့်လည်း အိမ်ထောင်ရေး တည်မြဲဖို့အတွက်တော့ ကြိုးစားရမှာပါပဲ။ စုံတွဲလေးတို့ အပေးအယူ တည့်ဖို့ ဘာတွေလုပ်ဆောင်ကြမလဲ။
နားလည်မှု
အိမ်ထောင်ရေးမှာ နားလည်မှုဆိုတာ ထင်ထားတာထက် ပိုပြီး လိုအပ်ပါတယ်။ ကိုယ့်ကိုယ်ကိုတောင် နားလည်ဖို့ ခက်တဲ့ အကြောင်းအရာတွေထဲ သူများစိတ်ကို နားလည်နိုင်ဖို့ဆိုတာလည်း ခက်တော့ခက်ပါတယ်။ နားလည်မှုတွေ မပေးနိုင်ဘူးဆိုရင်တောင် သူ့နေရာမှာ ကိုယ်ဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာမှုလေးတွေ ထားရပါမယ်။ အိမ်ထောင်ဘက်ရဲ့ စိတ်ခံစားချက်ကို အလေးထားပေးပါ။ ဒါမှ အချစ်တွေ မလျှော့ဘဲ ပိုပို တိုးမှာပါနော်။
ချစ်ကြောင်းပြသပါ
ဒီအချက်ဟာ အိမ်ထောင်ရေးမှာ အချစ်တွေ တည်မြဲနေစေဖို့ အရမ်းအရေးပါတဲ့ အချက်တစ်ချက်ပါ။ ကိုယ့်ရဲ့ အိမ်ထောင်ဘက်ကို ချစ်ကြောင်း ပြသဖို့ လိုပါတယ်။ ချစ်ကြောင်းပြတာက အိမ်ထောင်သက်ကြာလေ ပိုပြရလေပါ။ အိမ်ထောင်ဘက်ရဲ့ အလုပ်တွေကို ကူလုပ်ပေးပါ။ ဇနီးရဲ့ အိမ်မှုကိစ္စတွေကို ကူလုပ်ပေးပါ။ မင်္ဂလာနှစ်ပတ်လည်နေ့တွေနဲ့ မွေးနေ့တွေမှာ လက်ဆောင်လေးတွေ ပေးပါ။ လက်ဆောင် မပေးဘူးဆိုရင်တော့ အဲဒီအမှတ်တရ နေ့ရက်တွေကို အမှတ်တရ ရှိနေကြောင်း ထုတ်ဖော်ပြောကြားပါ။
လေးစားပါ
ကိုယ့်ယောကျာ်းကို လေးလေးစားစားရှိဖို့လည်း လိုပါတယ်။ ဘယ်ကိစ္စမဆို ညှိနှိုင်းဖို့ လိုပါတယ်။ ဒါမှ ကိုယ့်ယောက်ျားက ကိုယ့်ကို ကြည်ကြည်ဖြူဖြူ ချစ်မှာပါ။ ကိစ္စတစ်ခုကို ငြင်းခုံဖို့ထက် ညှိနှိုင်းဆွေးနွေးဖို့ လုပ်ပါ။ တစ်ယောက်ရဲ့ အမြင်ကို တစ်ယောက်က လေးစားပါ။ မတူညီတဲ့သဘောထားတာတွေ ရှိလာတာကို သဘောတူပေးနိုင်အောင် ပြင်ဆင်ထားဖို့လည်း လိုအပ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ရေရှည်တည်တံ့စွာ လက်တွဲလို့ရတယ်ဆိုတာ ခွင့်လွှတ်ခြင်းကြောင့်ပါတဲ့။ အချစ်ထက်ကို ပိုတဲ့ စိတ်သဘောထားပြည့်ဝမှုလေးပါ။ တစ်ယောက်အမှားကို တစ်ယောက် ခွင့်လွှတ်နိုင်မှ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရမယ်ဆိုတာ သတိရပါနော်။
အပေးအယူတည့်တဲ့ အိမ်ထောင်ရေးဆိုတာ
အပေးအယူတည့်တဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ဆိုတာ နှစ်ယောက်စလုံးနဲ့ ဆိုင်ပါတယ်။ နားလည်ပေးတာ ချစ်ပြတာတွေအပြင် စီးပွားရေး၊လူမှုရေးနဲ့ ချစ်တင်းနှောတဲ့ကိစ္စတွေမှာ အပေးအယူတည့်ဖို့ အများကြီး လိုအပ်ပါတယ်။ ညှိနှိုင်းဖို့ လိုတာတွေ ညှိနှိုင်းယူရမှာ ဖြစ်သလို တင်းကျပ်သင့်တဲ့နေရာတွေမှာလည်း တင်းကျပ်ရမှာပါပဲ။ သူမကြိုက်တာကို ကိုယ်မလုပ်ဘူး၊ ကိုယ်တောင် မကြိုက်ရင် သူရော ကြိုက်ပါ့မလားဆိုတာမျိုးပေါ့။ ဒီလိုတွေ အမြဲတွေးထားမယ်ဆိုရင်တော့ အိမ်ထောင်ရေးမှာ အဖုအထစ်တွေ ရှိမှာ မဟုတ်ပါဘူးနော်။
