Friday, January 4, 2019

အိမ်ထောင်သည်ဘဝအတွက် ချစ်သူဘဝထဲက ဘယ်အချက်တွေကို ညှိနှိုင်းထားဖို့လိုမလဲ


ဒါမှ စုံတွဲလေးတို့ ချစ်သူဘဝမှာရော အိမ်ထောင်သည်ဘဝမှာ သာယာမှာပါ



ချစ်သူဘဝကနေပြီး တဆင့်တက်မယ်ဆိုရင်တော့ အိမ်ထောင်သည်ဘဝကို ရောက်ရှိကြမှာပါနော်။ အိမ်ထောင်ရေး သာယာအဆင်ပြေဖို့ဆိုတာ လင်မယားနှစ်ယောက်ကြားမှာ ညှိနှိုင်းဖို့ လိုပါတယ်။ အိမ်ထောင်သည်ဘဝရောက်မှ ညှိနှိုင်းတာထက် ချစ်သူဘဝတည်းက ကြိုတင်ပြီး ညှိနှိုင်းထားတာမျိုးဆိုရင် ပိုပြီးတော့ အဆင်ပြေနိုင်မှာပါ။ နားလည်မှုတွေ ကြိုယူထားတဲ့သဘောပေါ့နော်။ ဘယ်လိုအချက်တွေ ညှိနှိုင်းရမလဲဆိုတာ ပြောပြပေးမယ်နော်။


အလုပ်

အိမ်ထောင်သည်ဘဝရောက်တဲ့အခါမှာ အလုပ်တွေ အရင်ကထက် လျှော့လုပ်ဖြစ်တာ၊ ပိုလုပ်ရတာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ့်လက်တွဲဖော်ကို အချိန်ပေးဖို့ လိုတယ်လေနော်။ အိမ်ထောင်သည်ဘဝရောက်တဲ့အခါမှာ အလုပ်တွေကို အရင်လို ဆက်လုပ်မလား၊ အလုပ်ချိန်တွေ လျှော့ချမလား ဒီလိုမျိုးအချက်တွေ ကြိုတင်ညှိနှိုင်းပါ။


ဘယ်မှာ နေမလဲ

စုံတွဲလေးတို့ရေ ချစ်သူဘဝမှာတော့ မိဘအိမ်မှာ နေတာက အဆင်ပြေပေမယ့် အိမ်ထောင်သည်ဘဝရောက်ပြီဆိုရင်တော့ အတူတူ နေထိုင်ဖို့အတွက် စဉ်းစားရမှာပါ။ နှစ်ယောက်တည်း တအိမ်ခွဲနေမလား၊ ဒါမှမဟုတ်  မိဘတွေဆီမှာ လိုက်နေမလား၊ ဘယ်ဘက်မိဘတွေဆီမှာ လိုက်နေမလဲ ဒီလိုမျိုးတွေ ချစ်သူဘဝတည်းက တိုင်ပင်ထားပါ။ ဒီလိုမျိုးတွေ ညှိနှိုင်းထားမှသာ ယူပြီဆိုရင် အဆင်ပြေမှာပါ။


အိမ်မှုကိစ္စ

ဇနီးက ရုံးတက်ရုံးဆင်း အပြင်အလုပ် လုပ်ရတယ်ဆိုရင်တော့ အိမ်မှုကိစ္စတွေကို တစ်ယောက်တည်း တာဝန်ယူဖို့ မလွယ်ပါဘူးနော်။ အိမ်ထောင်ကျပြီးတဲ့အခါမှာ အိမ်မှုကိစ္စတွေကို ဘယ်လိုခွဲဝေယူမလဲဆိုတာ ကြိုတင် ညှိနှိုင်းထားပါ။ တစ်ယောက်တစ်လှည့် တာဝန်ယူမလားဆိုတာမျိုးပေါ့။



ငွေကြေး

အိမ်ထောင်တစ်ခုမှာ စီးပွားရေးကလည်း အရေးကြီးတဲ့ အရာပဲလေနော်။ အိမ်ထောင်ကျသွားပြီဆိုရင် ချစ်သူဘဝတုန်းကလို ကိုယ်ရှာကိုယ်သုံးမဟုတ်တော့ဘဲ နောင်ရေးအတွက် စုဆောင်းတာမျိုး လုပ်ရမှာဆိုတော့ ဘယ်လောက်ကို စုကြမလဲ၊ နှစ်ဖက်မိဘတွေကို ပြန်လည်ပြုစုဖို့ တစ်လ ဘယ်လောက်သုံးကြမလဲ ဒီလိုအချက်တွေကို ဦးစားပေးပြီး ညှိနှိုင်းတိုင်ပင်ပါနော်။



အပြင်ထွက်တာ

ဒီကိစ္စကတော့ အိမ်ထောင်ကျပြီဆိုရင် အရင်ကလို အပြင်မထွက်ရလို့ အိမ်ပြန်ချိန်တွေ စောရလို့ ဒါမျိုး ကတောက်ကဆတွေ ဖြစ်တတ်တာ ထုံးစံပါပဲ။ အများစုကတော့ ကိုကိုတို့ပေါ့နော်။ မိန်းမက မလွှတ်လို့ဆိုပြီး အိမ်ထောင်ကျကာမှ စိတ်ညစ်နေရတာမျိုး ဖြစ်တတ် ပြောတတ်တယ်မလား။ အဲဒီတော့ အပြင်ထွက်တာနဲ့ ပတ်သက်ပြီးလည်း ကြိုတင်ညှိနှိုင်းပေးပါ။ ကိုယ်သွားချင်တဲ့နေရာတွေကို အတိုင်းအတာ တစ်ခုထိ လွှတ်မလားဆိုတာ ကြိုတင်ဆွေးနွေးပါနော်။