လိင်ကိစ္စနဲ့ ဆက်နွယ်နေတဲ့ ပြဿနာတွေကို ဇနီးမောင်နှံတွေ ဘယ်လိုဖြေရှင်းကြမလဲ
ဒီပြဿနာတွေက တစ်ယောက်ထဲ ဖြစ်နေတာမဟုတ်ပါဘူး
လိင်ကိစ္စနဲ့ ဆက်နွယ်နေတဲ့ ပြဿနာတွေက စုံတွဲတော်တော်များများမှာ ဖြစ်ပွားကြပါတယ်။ အထူးသဖြင့် အိမ်ထောင်သက်ကြာလာတဲ့ စုံတွဲတွေမှာ အဖြစ်များပါတယ်။ စိတ်ဖိစီးမှုတွေကြောင့် လိင်ကိစ္စကို စိတ်ဝင်စားမှု နည်းပါးတာကလည်း ပြဿနာတစ်ခုဖြစ်လာပါတယ်။ ခင်ပွန်းသည်က စိတ်ဆန္ဒရှိနေချိန်မှာ ဇနီးသည်က စိတ်မပါတာတွေ ခဏခဏ ဖြစ်နေမယ်ဆိုရင် နောက်ဆုံးမှာ ပြဿနာဖြစ်လာနိုင်ပါတယ်။ အလုပ်ပင်ပန်းတာကြောင့်လည်း လိင်ကိစ္စ စိတ်ဝင်စားမှု နည်းလာပါတယ်။ ဒါ့ကြောင့် စိတ်ပင်ပန်းတာတွေနဲ့ စိတ်ဖိစီးမှုတွေ နည်းပါးစေဖို့အတွက် မကြာခဏ ခရီးထွက်ပေးတာတွေနဲ့ ညစာအတူတူစားတာတွေ ပြုလုပ်ပေးဖို့ လိုပါတယ်။
လိင်ဆက်ဆံဖော်များခြင်း
လိင်ဆက်ဆံဖော်များတာကလည်း စုံတွဲတွေမှာ ပြဿနာဖြစ်လာစေပါတယ်။ အထူးသဖြင့် အိမ်ထောင်ဦးစီးတွေအနေနဲ့ ဇနီးသည်ကို သစ္စာရှိဖို့လိုပါတယ်။ လိင်ဆက်ဆံဖော်များတဲ့သူတွေဟာ အိမ်ထောင်ဖက်နဲ့ အတူတူနေတဲ့အခါမှာ စိတ်ခံစားချက် မပါတာတွေကို ကြုံတွေ့နိုင်ပါတယ်။ ဒါကလည်း ပြဿနာတွေထဲက တစ်ခုပါ။ ရောဂါကူးစက်လွယ်တာကြောင့် အိမ်ထောင်ဖက်အပေါ် သစ္စာရှိဖို့ လိုပါတယ်။
ငြီးငွေ့ခြင်း
အိမ်ထောင်သက်ကြာလာတာနဲ့ လိင်ကိစ္စတွေမှာ ငြီးငွေ့လာတာကို ကြုံတွေ့နိုင်ပါတယ်။ မင်္ဂလာဦးညတုန်းကလို တက်တက်ကြွကြွပြန်ဖြစ်လာဖို့ကတော့ နည်းလမ်းအသစ်တွေကို ရှာဖွေဖို့ပါပဲ။ နည်းလမ်းအသစ်တွေက ဇနီးမောင်နှံတွေကြားမှာ ပျောက်ဆုံးနေတဲ့ တက်ကြွမှုတွေကို ပြန်ရစေပါတယ်။
ကြောက်ရွံ့ခြင်း
လိင်ကိစ္စကို ကြောက်ရွံ့နေခြင်းကလည်း ပြဿနာတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဇနီးမောင်နှံတွေအနေနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးသင့်ပါတယ်။ ဒီလို ပြဿနာတွေက အချိန်ကြာလာတဲ့အခါမှာ အိမ်ထောင်ရေးကို ထိခိုက်စေနိုင်တာကြောင့် ဇနီးမောင်နှံတွေအနေနဲ့ ပေါ့ပေါ့ဆဆမထားဘဲ အမြန်ဖြေရှင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။
