Thursday, July 4, 2019
ဇနီးနဲ့ ခင်ပွန်းကြားမှာ လိင်ကိစ္စအကြောင်းပြောဖို့ အရေးကြီးလား
လိင်ကိစ္စပွင့်ပွင့်လင်းလင်းရှိတာက အိမ်ထောင်ရေးအဆင်ပြေစေပြီး ပျော်ရွင်မှုနဲ့ ယုံကြည်မှုတွေ တိုးလာနိုင်ပါတယ်
ဇနီးနဲ့ ခင်ပွန်းကြားမှာ နေ့တိုင်းပြောစရာတွေ ရှိနေပါလိမ့်မယ်။ စီးပွားရေး၊ လူမှုရေးနဲ့ တခြားကိစ္စတွေကို ဇနီးမောင်နှံတွေ ဆွေးနွေးကြပါတယ်။ ဒီလိုပြောဆိုဆွေးနွေးတဲ့ ကိစ္စတွေထဲမှာ လိင်ကိစ္စလည်း ပါဝင်နေဖို့လိုပါတယ်။ လိင်ကိစ္စကို ဘယ်အချိန်တွေမှာ ပြောသင့်လဲ။ ညအိပ်ခါနီးအချိန်မှာ ပြောဆိုဆွေးနွေးသင့်ပါတယ်။ ဇနီးမောင်နှံတွေကြားမှာ လိင်ကိစ္စဆွေးနွေးကြတာက ရှက်စရာမဟုတ်သလို အကျိုးယုတ်စေတဲ့အရာလည်း မဟုတ်ပါဘူး။
ညအိပ်ချိန်
ညအိပ်ခါနီးမှာ လိင်ကိစ္စပြောဆိုတာ သို့မဟုတ် ဆွေးနွေးတာက ဇနီးမောင်နှံတွေကြားမှာ ရင်းနှီးမှုတွေနဲ့ ယုံကြည်ခြင်းတွေရရှိစေပါတယ်။ လိင်ကိစ္စနဲ့ပတ်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် ဆွေးနွေးတာ၊ အကြံဉာဏ်ယူတာနဲ့ လိုအင်ဆန္ဒတွေကို သိရှိစေနိုင်ပါတယ်။ ဇနီးမောင်နှံတွေမှာ လိင်ကိစ္စနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းရှိတာက ဖောက်ပြန်တာတွေ ကင်းဝင်းစေပါတယ်။ လိင်ကိစ္စကို ချုပ်တည်းထားတဲ့ စုံတွဲတွေမှာ ပြဿနာတွေရှိနေတာကို တွေ့ရပါတယ်။
ရုတ်တရက် ပြောဖို့ ခက်ခဲနေတဲ့အခါ
လိင်ကိစ္စကို ရုတ်တရက်ပြောဆိုဖို့ ခက်ခဲတယ်ဆိုရင် ဇနီးမောင်နှံတွေအနေနဲ့ ချစ်သူဘဝတုန်းကလိုချိန်းတွေ့တာ၊ အနမ်းပေးတာနဲ့ တီတီတာတာလေးတွေကို အရင်ပြုလုပ်နိုင်ပါတယ်။ လိင်ကိစ္စပြောဆိုတဲ့အခါမှာ တခြားသူတွေမကြားအောင် ဆွေးနွေးဖို့လိုအပ်ပါတယ်။ ဇနီးမောင်နှံတွေ အိပ်တဲ့ အခန်းတံခါးကို လုံအောင်ပိတ်ထားဖို့လည်း အရေးကြီးပါတယ်။ လိင်ကိစ္စဆွေးနွေးတဲ့အခါမှာလည်း အချိန်သတ်မှတ်ထားဖို့ လိုပါတယ်။ အိပ်ချင်စိတ်တွေများနေရင်လည်း ဒီကိစ္စကိုပြောချင်မှာမဟုတ်ပါဘူး။ စောစောအိပ်ယာဝင်ပေးတာက ပြောဆိုဆွေးနွေးနိုင်မယ့် အခွင့်အရေးများပါတယ်။ ဖုန်းသုံးတာတွေနဲ့ တီဗီကြည့်တာတွေကိုလည်း လျော့ချပေးပါ။ အလုပ်ကိစ္စတွေကို ညအိပ်ယာဝင်ခါနီးပြုလုပ်တာကိုလည်း လျော့ချပါ။
အလုပ်နဲ့ ဖိအားများ
အလုပ်ဖိအားတွေများနေရင်လည်း ဒီကိစ္စကို ပြောချင်မှာမဟုတ်ပါဘူး။ ပင်ပန်းနွမ်းနယ်တာနဲ့ စိတ်ဖိစီးမှုတွေကြောင့် ဘာမှမလုပ်ချင်တာတွေ ဖြစ်နေပါတယ်။ ဒါကြောင့် ဇနီးမောင်နှံတွေအနေနဲ့ စိတ်ဖိစီးမှုတွေ သက်သာအောင် မကြာခဏ ခရီးထွက်ပေးဖို့ လိုအပ်ပါတယ်။
ဇနီးမောင်နှံတွေကြားမှာ လိင်ကိစ္စပွင့်ပွင့်လင်းလင်းရှိတာက အိမ်ထောင်ရေးအဆင်ပြေစေပြီး ပျော်ရွင်မှုနဲ့ ယုံကြည်မှုတွေ တိုးလာနိုင်ကြောင်းပြောပြပေးလိုက်ပါတယ်
