Tuesday, September 17, 2019

အပြင်မှာသုတ်လွှတ်တာစိတ်ချရရဲ့လား


ကိုယ်ဝန်မလိုချင်လို့ အသုံးပြုနိုင်တဲ့ သားဆက်ခြားနည်းအများကြီးရှိပါတယ်။ အရေးပေါ်တားဆေး၊ တစ်နေ့တစ်လုံးသောက်ရတဲ့သန္ဓေတားဆေး (အများအခေါ်လက်ညှိုးဆေး)၊ လက်မောင်းထဲထည့်တဲ့ သန္ဓေတားနည်း စတဲ့ဟော်မုန်းဓာတ်ကိုအသုံးပြုပြီးတားတဲ့နည်းတွေရှိသလို ကွန်ဒုံးလို ကိုယ်ဝန်ရော လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကိုပါ ကာကွယ်ပေးမယ့်နည်းလည်း အသုံးပြုနိုင်ပါတယ်။ သို့ပေမဲ့ တချို့ကျတော့လည်း အခုပြောပြခဲ့တဲ့ နည်းလမ်းတွေ တစ်ခုမှအသုံးမပြုချင်ဘဲ သဘာဝ သားဆက်ခြားနည်း တွေကိုပဲ ပိုရွေးချယ်ချင်တဲ့သူတွေရှိပါတယ်။
ဆိုတော့ မေးစရာရှိလာတာက ဒီသဘာဝသားဆက်ခြားက တကယ်ရောလက်တွေ့ဘဝမှာ ထိရောက်မှုရှိပါရဲ့လား?
.
သဘာဝသားဆက်ခြားနည်းတွေ အများကြီးရှိပါတယ်။ အထိရောက်ဆုံးနဲ့ အကောင်းဆုံးကတော့ လုံးဝလိင်ဆက်ဆံမှုမပြုဘဲအပေါ်ယံထိတွေ့ တာပဲဖြစ်ပါတယ်။ နောက်တစ်နည်းက အမျိုးသမီးသားဥကြွေမယ့် ရက်ကို တွက်ပြီး အဲ့ဒီနေ့တွေကို လိင်ဆက်ဆံခြင်းမှရှောင်ကျဉ်တဲ့နည်းလည်း အသုံးများတယ်။ သို့ပေမဲ့ အခုဒီဆောင်းပါးမှာတော့ လိင်ဆက်ဆံစဉ်မှာ သုတ်လွှတ်တာကို ထိန်းတဲ့နည်း ဒါမှမဟုတ် သုတ်ကိုအပြင်မှာလွှတ်တဲ့နည်းကို ဆွေးနွေးပေးသွားပါ့မယ်။ သူ့ကို Withdrawal method ဒါမှမဟုတ် Pulling out လို့လည်းခေါ်ဆိုနိုင်ပါတယ်။
.
သုတ်လွှတ်တဲ့နည်းမှာ အမျိုးသားနဲ့အမျိုးသမီးက ဘာအကာအကွယ်မှ မသုံးဘဲ ပုံမှန်အတိုင်းလိင်ဆက်ဆံလို့ရပါတယ်။ ဆက်ဆံပြီးရင်လည်း ဘာသန္ဓေတားဆေးမှ ထပ်မံသောက်သုံးဖို့မလိုအပ်ပါဘူး။ ဒီနည်းလမ်းရဲ့အဓိကကျတဲ့ အချက်က လိင်ဆက်ဆံပြီး အမျိုးသားဖြစ်သူ ဆန္ဒပြီးမြောက်တဲ့အခါ သုတ်ရည်ထွက်လာမယ်၊ ဒီလိုထွက်လာတဲ့သုတ်ရည်ကို မိန်းမကိုယ်ထဲမှာမလွှတ်ဘဲ အပြင်မှာ ထုတ်လွှတ်ရပါမယ်။ ဒီနည်းအားဖြင့် ကိုယ်ဝန်ဆောင်ဖို့ လိုအပ်တဲ့ အမျိုးသားရဲ့ သုတ်ကောင်လေးတွေက အမျိုးသမီးသားဥနဲ့မတွေ့ရှိတော့ပါဘူး။ ရလာဒ်ကတော့ မလိုချင်တဲ့ကိုယ်ဝန်မရရှိတော့ပါဘူး။
.
အခုလိုပြောပြလိုက်တော့သာ လွယ်သယောင်ရှိပေမဲ့ သုတ်ရည်အပြင်မှာလွှတ်တဲ့နည်းကိုအသုံးပြုမယ်ဆို သတိထားစရာလေးတွေရှိပါတယ်။ အရင်ဆုံး အမျိုးသားဖြစ်သူက ကိုယ်သုတ်ထွက်တော့မယ်ဆိုတာကို ကြိုသိရှိဖို့လိုအပ်တယ်။ သိရှိရုံနဲ့မရဘဲ အချိန်မီလည်း မိန်းမကိုယ်ထဲက ကိုယ့်လိင်တံကိုအပြင် ပြန်ဆွဲထုတ်နိုင်ရမယ်။ အစကတည်းက သုတ်လွှတ်မြန်တဲ့သူတွေ၊ စဆက်ဆံပြီး မိနစ်ပိုင်းလောက်ပဲ ကြာတယ်ဆိုတဲ့သူတွေအတွက် သိပ်အဆင်မပြေနိုင်ဘူး။ အမျိုးသားတစ်ယောက် သုတ်တစ်ခါလွှတ်ရင် (အမျိုးသားက ကျန်းမာရေးကောင်းတယ်ဆိုရင်) သုတ်ကောင်ရေ သန်း ၂၀၀ လောက်ပါဝင်ပါတယ်။ ဒီအထဲက ကိုယ်ဝန်ရဖို့ သုတ်ကောင်တစ်ကောင်ပဲ လိုအပ်ပါတယ်။ ဒါ့ကြောင့် မတော်တဆနဲ့ သုတ်ရည်အနည်းငယ်လောက်ပဲ မိန်းမကိုယ်ထဲမှာကျန်ခဲ့ရင်တောင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ နောက်ပြီး တကယ်ဆန္ဒမပြီးမြောက်ခင်နဲ့ လိင်ဆက်ဆံဖို့ စတင်နှိုးဆွမှုပြုနေတဲ့အချိန်တွေမှာလည်း အမျိုးသားဖြစ်သူမှာသုတ်ရည်ကြည် နည်းနည်းထွက်ပါတယ်။ ဒီသုတ်ရည်တွေထဲမှာလည်း သုတ်ကောင်နည်းနည်းပါဝင်ပါတယ်။ ဒါ့ကြောင့်လိင်ဆက်ဆံနေစဉ် သုတ်မထွက်ခင်ပြန်ထုတ်လိုက်ပေမဲ့ ကိုယ်ဝန် မတော်တဆ ရသွားတတ်ပါတယ်။
.
ဒီလိုအချက်လေးတွေကို သတိထားနိုင်မယ်၊ နည်းမှန်လမ်းမှန်နဲ့ကျင့်သုံးနိုင်မယ်ဆိုရင်တော့ သုတ်ရည်အပြင်ထုတ်တဲ့သားဆက်ခြားနည်းက ၉၆% အထိအောင်မြင်စွာသန္ဓေတားနိုင်မှာဖြစ်ပါတယ်။ ဒီပမာဏက ရုတ်တရက်ကြည့်လိုက်ရင် အထင်ကြီးစရာဖြစ်ပေမဲ့ တကယ်တမ်းလက်တွေ့မှာတော့ အဲ့ဒီလောက်မလွယ်ကူပါဘူး။ ဘာကြောင့်လဲဆိုတော့ သဘာဝသားဆက်ခြားနည်းဆိုတဲ့အတိုင်း တခြားဘာမှမသုံးဘဲ ဒီသုတ်ထိန်းတဲ့နည်းလမ်းတစ်ခုတည်းအပေါ်မှာပဲ ရာနှုန်းပြည့်မှီခိုနေရတာကြောင့် သတိထားရမယ့်အချက်တွေကို သေချာတင်းတင်းကျပ်ကျပ်လိုက်နာဆောင်ရွက်ရပါတယ်။ နောက်တစ်ချက်က အမျိုးသားအများစုက သုတ်လွှတ်မြန်တဲ့ ပြဿနာကို တစ်ချိန်မဟုတ် တစ်ချိန်ကြုံတွေ့တတ်ကြပါတယ်။ ကိုယ်က သုတ်ကိုအပြင်မှာ ထုတ်ချင်ပေမဲ့ မထိန်းနိုင်ဘဲ အနည်းငယ်လောက်အထဲမှာ ထွက်သွားရင်တောင် ကိုယ်ဝန်ရနိုင်ခြေက အတော်လေးမြင့်တက်သွားမှာပါ။
.
ဒါ့ကြောင့် တကယ့်လက်တွေ့ဘဝမှာတော့ ထိရောက်မှုက ၉၆% ဆိုသော်ငြားလည်း သတိပြုချက်တွေအတိုင်း တိတိကျကျမလိုက်နာနိုင်တဲ့အတွက် ထိရောက်မှုက ၇၅% လောက်ပဲရှိတာကိုတွေ့ရပါတယ်။ သဘောက တော့ ကိုယ်ဝန်ရနိုင်ခြေ ၂၅% လောက်ရှိတဲ့သဘောပါ (အဓိပ္ပါယ်ကအမျိုးသမီးအယောက်တစ်ရာကို သုတ်ရည်အပြင်ထုတ်တဲ့နည်းနဲ့ သားဆက်ခြားစေရာမှာ တစ်နှစ်ကြာတဲ့အခါ ၂၅ ယောက်က ကိုယ်ဝန်ရသွားတယ်ဆိုတဲ့သဘောပါ)။
ဒါတွေကြောင့်မို့ လက်တွေ့မှာတော့ သင့်အနေနဲ့ သုတ်ကိုကောင်းကောင်းမထိန်းနိုင်ဘူး၊ သုတ်လွှတ်မယ့်အချိန်ကို သတိမမူမိတတ်ဘူးဆိုရင် သုတ်ရည်အပြင်ထွက်တဲ့နည်းကို စိတ်ချရတဲ့သန္ဓေတားနည်းအဖြစ်မရွေးချယ်သင့်ပါဘူး။ အကြံပေးချင်တာကတော့ တခြားသားဆက်ခြားနည်းတစ်ခုခုနဲ့တွဲသုံးပေးပါ ဥပမာ ကွန်ဒုံး၊ အရေးပေါ်သန္ဓေတားဆေး စသည်တစ်ခုခုကိုပဲ တွဲသုံးပေးခြင်းအားဖြင့် ကိုယ်ဝန်ကိုပိုပြီးထိထိရောက်ရောက်ကာကွယ်နိုင်မှာဖြစ်ပါတယ်။
Dr. Htoo (UM-2)