Tuesday, September 17, 2019

ရက်ရှောင်နည်းနဲ့ သားဆက်ခြားမယ်ဆိုရင်


 
ရက်ရှောင်ပြီး သားဆက်ခြားနည်း ဒါမှမဟုတ် ရက်ရှောင်ပြီး အတူနေနည်းလမ်းဆိုတာ အမျိုးသမီးရဲ့ သားဥကြွေရက် သို့မဟုတ် ကလေးရနိုင်ခြေရှိတဲ့ရက်တွေကို ခန့်မှန်းရှောင်ရှားပြီး ကလေးရနိုင်ခြေမရှိတဲ့ရက်တွေမှာ အမျိုးသားနဲ့ အတူနေတာပဲဖြစ်ပါတယ်။ ဟော်မုန်းပါတဲ့ သားဆက်ခြားနည်းတွေလည်း မသုံးချင်၊ အလွှာခြားတယ်ထင်ရလို့ အကာအကွယ်လည်း မသုံးချင်တဲ့ ဇနီးမောင်နှံများမှာ ရက်ရှောင်နည်းဆိုတာ အသုံးများကြပါတယ်။ ဒီနည်းလမ်းဟာ ဆေးဝါးမလိုတဲ့သဘာဝနည်းလမ်းဖြစ်ပြီး လက်ရှိမှာလည်း ဇနီးမောင်နှံတွေ အသုံးပြုနေကြတဲ့အတွက် ဘယ်လောက် ထိရောက်မှုရှိသလဲ၊ ဘာကောင်းကျိုးနဲ့ ဆိုးကျိုးတွေရှိသလဲဆိုတာ ဆက်လက်ဖတ်ရှုကြည့်ရအောင်။
.
ရက်ရှောင်သားဆက်ခြားနည်းလမ်းကို ဘယ်လိုသုံးရမလဲ?
ရက်ရှောင်နည်းလမ်းကို သုံးဖို့ဆိုရင် အရေးကြီးတဲ့အချက်က အမျိုးသမီးဟာ ဓမ္မတာပုံမှန်လာသူတစ်ယောက် ဖြစ်ရပါမယ်။ ဓမ္မတာစက်ဝန်း ပုံမှန်ဖြစ်သူမှ ရက်တွက်တာ မှန်ကန်နိုင်ခြေများမှာပါ။ ဓမ္မတာနောက်ကျသူ၊ စောတတ်သူ၊ ဓမ္မတာထိန်တတ်သူအတွက်ဆိုရင် ရက်တွက်တဲ့အချိန်မှာ မှားနိုင်တဲ့အတွက် ရက်ရှောင်သားဆက်ခြားနည်းလမ်းက ထိရောက်မှုရှိမှာ မဟုတ်ပါ။
ဆေးပညာဆိုင်ရာ အချက်အလက်တွေအရ ရက်ရှောင်နည်းသုံးရာမှာ ရက်တွက်ဖို့ အတွက်ဆိုရင် ကိုယ့်ရဲ့ဓမ္မတာစက်ဝန်းကာလက ၆ လလောက် မှန်ကန်နေဖို့လိုပါတယ်တဲ့။ အနည်းဆုံးက ၃ လမှန်ရပါမယ်။
ပုံမှန်ရာသီစက်ဝန်းကြာချိန်က ၂၁ ရက်ကနေ ၃၅ရက် ထိ ကြာပါတယ်။ ရာသီသွေးစပေါ်တဲ့ ရက်ကနေ နောက်လ ရာသီသွေးပြန်စပေါ်တဲ့ရက်အထိကို ရာသီစက်ဝန်းကြာချိန်လို့ သတ်မှတ်ပါတယ်။ အမျိုးသမီးရဲ့ ဓမ္မတာစလာတဲ့ရက်ကို ၁ လို့သတ်မှတ်ရပါမယ်။ မိမိရာသီစက်ဝန်းကြာချိန်ထဲကနေ ၁၈ နှုတ်ပါ။ ရလာတဲ့ရက်က ရာသီစလာတဲ့ရက်ကနေ ရေတွက်ရင် အတူနေလို့ ရတဲ့ ရက်ပါ။ နောက်တစ်ခါ မိမိရာသီစက်ဝန်းကြာချိန်ထဲကနေ ၁၁ နှုတ်ပါ။ ဒါက ရာသီမလာခင် ဘယ်ရက်ကနေ စပြီးအတူနေလို့ ရမလဲ ဆိုတာကိုပြတာပါ။
ဥပမာ။ ။ မိမိရာသီစက်ဝန်းက ပုံမှန် ၂၈ ရက်ကြာတယ်ဆိုရင် (၂၈-၁၈ = ၁၀) ရာသီစလာတဲ့ရက်ကနေ ၁၀ ရက်အတွင်းနေလို့ ရတယ်ဆိုတဲ့သဘောပါ။ ၁၀ ရက်မြောက်ဆို စ ရှောင်ပါ။ ပြန်နေဖို့ က ( ၂၈-၁၁=၁၇) ရာသီစလာတဲ့ရက်ကနေ ၁၇ ရက်မြောက်ကနေ စ ပြီး ရာသီမလာခင်အထိ အတူပြန်နေလို့ ရပါပြီ။ အဲဒီတော့ ၂၈ ရက်တစ်ကြိမ်ရာသီလာတဲ့ အမျိုးသမီးတစ်ယောက်ဟာ ရာသီစလာတဲ့ရက်ကနေ ၁၀ ရက်အတွင်းမှာနေလို့ ရမယ်။ ၁၀ ရက်ကနေ ၁၇ရက်အတွင်းရှောင်ပြီး ရာသီစ လာတဲ့ရက်ကနေ ၁၇ ရက်ရောက်ရင်တော့ ပြန်ပြီး အတူနေလို့ ရပါမယ်။
ဒါကို ဓမ္မတာမလာခင်တစ်ပတ်အလိုနဲ့ စ လာတဲ့တစ်ပတ်အတွင်းဆိုပြီးလည်း အလွယ်မှတ်ယူနိုင်ပါတယ်။ အမျိုးသမီးရဲ့ မမျိုးဥကြွေနိုင်ခြေရက်တွေရယ်၊ အမျိုးသားရဲ့သုတ်ပိုးခန္ဓာကိုယ်အတွင်းမှာ အသက်ရှင်သန်နိုင်ခြေရယ်ကို တွက်ဆပြီး ရက်ရှောင်ရတာဖြစ်ပါတယ်။
ပြက္ခဒိန်ကို သုံးပြီးတော့ ကိုယ်ပုံမှန်လာတဲ့ရက်နဲ့ ဒီ သတ်မှတ်ရက်တွေကို တွက်ချက်ထားရမှာဖြစ်ပါတယ်။ အမှတ်အသားလုပ်ထားတာက အကောင်းဆုံးဖြစ်ပါတယ်။ သတိပြုရမှာက ရှေ့ ခြောက်လစောင့်ကြည့်တုန်းက ရက်မှန်မှန်လာနေပေမဲ့ အဲဒီလကျမှ မျိုးဥစောကြွေတာ နောက်ကျမှကြွေတာတွေ မဖြစ်ဘူးလို့ အာမ မခံနိုင်ပါဘူး။ ရက်ရှောင်သားဆက်ခြားနည်းသုံးတဲ့သူဟာ မတော်တဆကိုယ်ဝန်ရသွားနိုင်တဲ့အချက်ကို သေချာနားလည်ပြီး အဲဒါကို လက်ခံနိုင်မှသာ ဒီနည်းကိုသုံးသင့်ပါတယ်။
.
ရက်ရှောင်အတူနေခြင်းရဲ့ ထိရောက်မှု?
ရက်ရှောင်သားဆက်ခြားနည်းရဲ့ ထိရောက်မှု၊ ကိုယ်ဝန်တားနိုင်ခြေက ၇၇ ကနေ ၈၅ ရာခိုင်နှုန်းအထိ ကာကွယ်မှုပေးနိုင်ပါတယ်။ လုံးဝ စည်းနဲ့ကမ်းနဲ့နေထိုင်ပြီး ရက်ကိုအတိအကျရှောင်မယ်ဆိုရင် ၉၅ ရာခိုင်နှုန်းအထိ ကိုယ်ဝန်မရအောင် ကာကွယ်နိုင်ပါတယ်။ လက်တွေ့မှာ ဒီရာခိုင်နှုန်းအထိတော့ မရှိပေမယ့် ၈၅ ရာခိုင်နှုန်းဆိုတာလည်း စိတ်ချရတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။
.
ရက်ရှောင်အတူနေခြင်းရဲ့ အားသာချက်?
ရက်ရှောင်ပြီးမှ အတူနေခြင်းရဲ့ကောင်းကျိုးက ဘေးထွက်ဆိုးကျိုးမရှိခြင်းပါ။ ဘာဆေးရုံဆေးခန်းမှ သွားစရာလည်းမလို၊ ငွေကြေးလည်း ကုန်ကျမှုမရှိတဲ့ သားဆက်ခြားနည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ သားဆက်မခြားတော့ဘဲ ကလေးလိုချင်လို့ အတူနေဖို့ကြိုးစားမယ်ဆိုလည်း ကလေးရနိုင်တဲ့ရက်တွေကို သိရှိနေတဲ့အတွက် ပိုပြီးအဆင်ပြေနိုင်ပါတယ်။
.
ရက်ရှောင်အတူနေခြင်းရဲ့အားနည်းချက်?
ရက်ရှောင်ပြီးအတူနေခြင်းက သဘာဝနည်းလမ်းဖြစ်တဲ့အပြင် လူတွေမှာအမှတ်တမဲ့ မှားတတ်တဲ့အကျင့်ရှိတဲ့အတွက် ကိုယ်ဝန်တားနိုင်နှုန်းက ဆေးဝါးတွေထက်စာရင် နည်းပါတယ်။ ဒါ့အပြင် ရာသီစက်ဝန်းမမှန်တတ်တဲ့ အမျိုးသမီးတွေအတွက်ဆိုရင် ရက်တွက်မှားတာကြောင့် ကိုယ်ဝန်ရသွားနိုင်ခြေရှိနေပါတယ်။ ခန့်မှန်းပြီးတွက်ချက်ပေးတဲ့နည်းလမ်းဖြစ်တဲ့အတွက် မမျိုးဥ အသေအချာကြွေမယ့်ရက်ကို တိတိကျကျ မပြောပြနိုင်ပါဘူး။ နောက်တစ်ခုက အကာအကွယ်မပါတဲ့အတွက် လိင်ကတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါကိုတော့ မတားဆီးပေးနိုင်ပါဘူး။
ဂရုတစိုက်တွက်ချက်နိုင်မယ်ဆိုရင် ရက်ရှောင်အတူနေခြင်းဟာ ဘေးထွက်ဆိုးကျိုးမရှိတဲ့ အပြင် အသက်အရွယ်မရွေး၊ ဘယ်လိုရောဂါအခံပဲရှိနေနေ အသုံးပြုလိုက်နာနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်တဲ့အတွက် စနစ်တကျသာ လိုက်နာမယ်ဆိုရင်တော့ ရွေးချယ်နိုင်တဲ့သားဆက်ခြားနုည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။
ဒေါက်တာကောင်းစဝ်

credit