Saturday, March 28, 2020

COVID-19ကြောင့် သြဂုတ်တွင်ကျင်းပမည့် ၂၀၂၀ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ရွှေ့ဆိုင်းရန် AFF ဆုံးဖြတ်



အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF)သည် ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ၂၀၂၀ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။


AFF သည် ယင်းပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၌ သြဂုတ် ၃ ရက်မှ ၁၉ ရက်အထိ ကျင်းပရန်စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းများပြင်ဆင်ရာတွင် အခက် အခဲဖြစ်နိုင်သောကြောင့် ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အရှေ့တောင်အာရှနိုင်ငံအားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ ယူ-၁၉ အသင်းမှာလည်း ယင်းပြိုင်ပွဲအတွက် နှစ်ဆန်းပိုင်းကတည်းက လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်။



မြန်မာ ယူ- ၁၉ အသင်းသည် ယင်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုဖြစ်စေရန် Junior Lions အသင်းအမည်ဖြင့် ပြည်တွင်းလိဂ်ပြိုင်ပွဲဖြစ်သော MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ပထမအကျော့အပြီးတွင် ထိပ်ဆုံးမှ ဦးဆောင်နေသည်။


မြန်မာ ယူ-၁၉ အသင်းသည် လက်ရှိတွင် ပြည်တွင်းပွဲအားလုံး ရပ်နားထားသောကြောင့် လေ့ကျင့်မှု ရပ်နားထားပြီး အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း ရွှေ့ဆိုင်းထားသဖြင့် ပြိုင်ပွဲများအပေါ် မူတည် ၍ ပြန်လည်လေ့ကျင့်ဖွယ်ရှိနေသည်။

မြန်မာ ယူ-၁၉ အသင်းကို ကစားသမား ၂၄ ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ဆက်လက်ကိုင်တွယ်နေကာ ပြန်လည်လေ့ကျင့်ပါက ကစားသမားသစ်များ အင်အားဖြည့်တင်းမည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် သင်္ကြန် အပြီးထိ လေ့ကျင့်မှုရပ်နားထားပြီး ကိုရိုနာ ဗိုင်းရပ်စ်အခြေအနေအပေါ်မူတည်၍ ပြန်လည်လေ့ကျင့်မည့်ရက် သတ်မှတ်မည်ဖြစ်သည်။



မြန်မာ ယူ-၁၉ အသင်းသည် ဖေဖော် ၀ါရီနောက်ဆုံးပတ်က ဂျပန်နိုင်ငံ၌ကျင်းပသည့် ဂျပန်-အာဆီယံ ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ တတိယဆုရရှိခဲ့သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုပြိုင်ပွဲကို အာရှ ယူ-၁၉ ပြိုင်ပွဲနှင့် ချိတ်ဆက်၍ ခြေစစ်ပွဲကျင်းပသည့်နှစ်တွင် ယူ-၁၈ ပြိုင်ပွဲ၊ နောက်ဆုံးအဆင့်ပြိုင်ပွဲ ကျင်းပသည့်နှစ်တွင် ယူ-၁၉ ပြိုင်ပွဲအဖြစ် ကျင်းပလျက်ရှိသည်။

၂၀၁၉ ခုနှစ်ပြိုင်ပွဲကို ယူ-၁၈ ပြိုင်ပွဲအဖြစ် ကျင်းပခဲ့ပြီး မြန်မာအသင်းသည် ဆီမီးဖိုင်နယ်အထိတက်ရောက်နိုင်ခဲ့သော်လည်း စတုတ္ထနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

ဆီမီးဖိုင်နယ်တွင် နာမည်ကြီး သြစတြေးလျအသင်းကို (၁-၂) ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီး တတိယလုပွဲတွင်လည်း အင်ဒိုနီးရှားကို အရေးနိမ့်ခဲ့သောကြောင့် ဆုနှင့်လွဲချော်ခဲ့ခြင်းဖြစ်သည်။

ယခုဖွဲ့စည်းထားသည့် မြန်မာ ယူ-၁၉ အသင်းတွင် ပြီးခဲ့သည့်နှစ်က ဖွဲ့စည်းခဲ့သော ယူ-၁၈ အသင်းမှ ကစားသမားအများစု ပြန်လည်ပါဝင်လာပြီး ကစားသမားသစ်အချို့သာ ရွေး ချယ်ခံထားရသည်။