Saturday, March 28, 2020
Covid - 19 အတွက် တပ်မတော်ဆေးတပ်ဖွဲ့က ပိုးသတ်ဆေးဖျန်းပေးခြင်း ဆောင်ရွက်
ရွှေတိဂုံစေတီတော်၊ မန္တလေးတောင်တော်နှင့် ရန်ကုန်ဘူတာကြီး စသည့် လူစည်ကားရာ နေရာများတွင် COVID-19 ကာကွယ်ရေးအတွက် တပ်မတော် ဆေးတပ်ရင်းများမှ ပါရဂူများ ပါဝင်သော ဆေးတပ်ဖွဲ့က ပိုးသတ်ဆေး ဖျန်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ကြသော ဘုရားဖူးများ COVID-19 ရောဂါ ကာကွယ်သည့်အနေဖြင့် မတ် ၂၅ ရက်မှစ၍ ဘုရားဖူးချိန်ကို နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ သတ်မှတ်ထားပြီး မတ် ၂၆ ရက် နံနက်ပိုင်းတွင် နယ်မြေခံဆေးတပ်ရင်းမှ ပါရဂူများ ပါဝင်သော ဆေးတပ်ဖွဲ့က သတ်ရှင်းရေး ဆောင်ရွက်ပေးခြင်းနှင့် ပိုးသတ်ဆေး ဖျန်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မတ် ၂၆ ရက် နံနက်ပိုင်းတွင်ပင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတောင်တော် ဆုတောင်းပြည့်မြတ်စွာဘုရား၌ COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရာတွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ပိုးသတ် ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဘုရားဖူးများ အများဆုံး သွားလာနိုင်သည့် မန္တလေးတောင်တော် ဆုတောင်းပြည့် မြတ်စွာဘုရားရင်ပြင်တော်၊ ဓာတ်လှေကား၊ စက်လှေကား၊ စန္ဒာမုခိဆုတောင်းပြည့်ဘုရား ရင်ပြင်တော်နှင့် စောင်းတန်းများ၊ ရွှေသိမ်တော်ဘုရား၊ ကား၊ ဆိုင်ကယ်ရပ်နားသည့် နေရာများနှင့် ဈေးဆိုင်တန်းများအား ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် ရန်ကုန်ဘူတာကြီးနှင့် ပတ်ဝန်းကျင်နေရာများ၌ COVID-19 ရောဂါဖြစ်ပွားမှု မရှိစေရေး ကြိုတင်ကာ ကွယ်ရန်အတွက် မတ် ၂၇ ရက် ညနေပိုင်းတွင် တိုက်ကြီးတပ်နယ်ရှိ နယ်မြေခံ ဆေးတပ်ရင်းမှ ပါရဂူများ ပါဝင်သော အဖွဲ့က ပိုးသတ်ဆေး ဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက သတင်းထုတ်ပြန်ခဲ့သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဥပ္ပါတသန္တိစေတီတော်ရင်ပြင်တော်နှင့် ပရိဝုဏ်အတွင်း၌လည်း ကောင်း၊ နေပြည်တော် ဘူတာကြီးနှင့် ပတ်ဝန်းကျင်နေရာများ၌လည်းကောင်း နယ်မြေခံ တပ်မတော်သားများ က COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
